Friday 8 July 2011

သို့  .................. အမေ

အမေ
အမေ့ရဲ့အရိပ်
စတင်ခိုလှုံစဉ်က
သမီးဟာ ဂါဝန်လေးဝတ်
အလေးအရွယ်လေးပေါ့။

အမေ
အမေ့ရဲ့နို့ချိုစို့
ထွေးပွေ့ပြုစုမှုကြောင့်
သမီးဟာ အရွယ်ရောက်လာ
ပီတိကလေးငယ်လေးပေါ့။

အမေ
အမေ့ရဲ့ဆုံးမမှုအောက်
ရှင်သန်လူလားမြောက်
သမီးဟာ အလိမ္မာ
ဖူးပွင့်အပျိုစင်လေးပေါ့။

အမေ
အတောင်အလက်စုံလို့
အမေ့ရင်ခွင်ကနေ
ထွက်ရမယ်ဆိုတော့
သမီးရင်မှာ အားတော့မရှိ
သို့သော် ဟန်ရှိလေ၏။

ဘယ်ကြောင့်ဆိုသော်
အမေသင်ပေး အလိမ္မာလေးနှင့်
အမေသင်ပြ ပညာအလှနှင့်
သမီးမှာ .........
လောကအလယ် သောကမကြွယ်
ပညာမျက်စိ ရှိလေ၏။

ကံကြမ္မာ အလှည့်အပြောင်းမှာ
အခက်ကြုံ ရတက်ပွေတိုင်း
သက်လုံအား ကောင်းလှသော
ပညာအမွေ ပေးနေတဲ့
အမေ့ရင်ခွင်က ထွက်သွားခဲ့တဲ့
အမေ့နို့ချိုစို့ခွင့် မကြုံတော့တဲ့အခါ
အမေ့ကို မမေ့ အစဉ်သတိရ
ယခုထဲက အမေ့ကျေးဇူးတွေကို
ဦးခိုက်ဝပ်တွား ကန်တော့ပန်းဆင်လျှက်
နှုတ်ဆက်ခဲ့ပါတယ် အမေ။
                                              
                                                  
                   (ဒဂုံ (၂) ကျောင်းတော်ကြီးအား မွေးသမိခင် အမေနှင့် နှိုင်းတု၍)

              ၁၉၉၆ .၉၇ မြို့ မကျောင်း  စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်းမှာ ပါ ခဲ့တဲ့ ကဗျာလေးကို ( ကိုယ်ရေးချင်တာတွေ ပြောချင်တာတွေ သိမ်းထားတဲ့ ချစ်ခင်လေးစားရတဲ့ မ .. ပေးတဲ့ ဒီဘလော့လေးမှာ သိမ်းထားလိုက်ပါတယ် ဒီကဗျာလေးကို ပြန်ကူးရေးတဲ့ အချိန်မှာ မျက်ရည်ကျပါတယ် ပြန်မရနိုင်တဲ့ အဖြူ အစိမ်း ကျောင်းသူ ဘဝလေးကို လွမ်းပါတယ် ဘယ်ဆီရောက်နေမှန်းမသိတဲ့ သူငယ်ချင်းများစွာနဲ့ အရမ်းချစ်ခင်ခဲ့ရတဲ့ မြင့်မြင့်နွယ်ကို သတိရပါတယ် ဒီကဗျာလေးပါလာတော့ အဦးဆုံး မဂ္ဂဇင်း လာပြတဲ့ သူငယ်ချင်းကို လွမ်းဆွတ်သတိရရင်း အဝေးရောက်နေတဲ့ နေရာက နေ ကျောင်းကိုရော ကျောင်းက ဆရာ  ဆရာမ များကို ပါ ကန်တော့ပန်းဆင်လိုက်ပါတယ် )