Thursday 18 August 2011

အရမ်းသတိရနေတယ်

သတိရတိုင်း နားထောင်နေတဲ့သီချင်းတွေရှိပါတယ် 
မြင်ချင်တိုင်း ကြည့်နေနိုင်ဖို့ ဓာတ်ပုံတွေလည်းရှိပါတယ် 
တမ်းတတိုင်း ပြန်ဖက်လို့ရတဲ့ စာတွေလည်းရှိပါတယ်


ဒါပေမယ့်
သတိရတိုင်း မင်းပြောမယ့် စကားများ နားထောင်ချင်သူပါ
မြင်ချင်တိုင်း ပါးပြင်မှာ မှဲ့လေးနဲ့ မင်းမျက်နှာကိုသာ တွေ့ ချင်နေသူပါ 
တမ်းတတိုင်း မင်းရှိရာ အပြေးလာချင်နေသူပါ

ဒါပေမယ့် ငါ့ရဲ့ စိတ်ဆန္ဒတွေသပ်သပ်အဆာမပြေတဲ့ စိတ်ကူးတွေပါ
အပြင်မှာတော့ ငါက ဘာမှမလုပ်နိုင်သလို လက်တွေ့ မှာလည်း တို့ တွေ ဝေးနေဆဲ .. ဝေးနေမြဲ


မေ့လို့ မရအောင် ဖြစ်နေလို့ မစဉ်းစားပဲနေတယ်
ဒါပေမယ့် အရမ်းသတိ၇တယ်

မေ့လို့ မရအောင် ဖြစ်နေလို့  ပင်လယ်မှာ တစ်ယောက်ထဲ လမ်းလျှောက်မိပါတယ်
ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့  မတွေ့ မမြင်အောင်နေတယ်

ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့ အလုပ်တွေ ဖိလုပ်တယ်
ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့ အကြာကြီးရေချိုးတယ် 

ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့  အကြိမ်ကြိမ် အခါခါ အတိတ်မေ့နေချင်တယ်
ဒါပေမယ့် ငါ အရမ်းသတိရနေတယ်
 ငါ အရမ်းသတိရနေတယ် 

ငါ အရမ်းသတိရနေပါတယ် ..... ။





Friday 8 July 2011

သို့  .................. အမေ

အမေ
အမေ့ရဲ့အရိပ်
စတင်ခိုလှုံစဉ်က
သမီးဟာ ဂါဝန်လေးဝတ်
အလေးအရွယ်လေးပေါ့။

အမေ
အမေ့ရဲ့နို့ချိုစို့
ထွေးပွေ့ပြုစုမှုကြောင့်
သမီးဟာ အရွယ်ရောက်လာ
ပီတိကလေးငယ်လေးပေါ့။

အမေ
အမေ့ရဲ့ဆုံးမမှုအောက်
ရှင်သန်လူလားမြောက်
သမီးဟာ အလိမ္မာ
ဖူးပွင့်အပျိုစင်လေးပေါ့။

အမေ
အတောင်အလက်စုံလို့
အမေ့ရင်ခွင်ကနေ
ထွက်ရမယ်ဆိုတော့
သမီးရင်မှာ အားတော့မရှိ
သို့သော် ဟန်ရှိလေ၏။

ဘယ်ကြောင့်ဆိုသော်
အမေသင်ပေး အလိမ္မာလေးနှင့်
အမေသင်ပြ ပညာအလှနှင့်
သမီးမှာ .........
လောကအလယ် သောကမကြွယ်
ပညာမျက်စိ ရှိလေ၏။

ကံကြမ္မာ အလှည့်အပြောင်းမှာ
အခက်ကြုံ ရတက်ပွေတိုင်း
သက်လုံအား ကောင်းလှသော
ပညာအမွေ ပေးနေတဲ့
အမေ့ရင်ခွင်က ထွက်သွားခဲ့တဲ့
အမေ့နို့ချိုစို့ခွင့် မကြုံတော့တဲ့အခါ
အမေ့ကို မမေ့ အစဉ်သတိရ
ယခုထဲက အမေ့ကျေးဇူးတွေကို
ဦးခိုက်ဝပ်တွား ကန်တော့ပန်းဆင်လျှက်
နှုတ်ဆက်ခဲ့ပါတယ် အမေ။
                                              
                                                  
                   (ဒဂုံ (၂) ကျောင်းတော်ကြီးအား မွေးသမိခင် အမေနှင့် နှိုင်းတု၍)

              ၁၉၉၆ .၉၇ မြို့ မကျောင်း  စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်းမှာ ပါ ခဲ့တဲ့ ကဗျာလေးကို ( ကိုယ်ရေးချင်တာတွေ ပြောချင်တာတွေ သိမ်းထားတဲ့ ချစ်ခင်လေးစားရတဲ့ မ .. ပေးတဲ့ ဒီဘလော့လေးမှာ သိမ်းထားလိုက်ပါတယ် ဒီကဗျာလေးကို ပြန်ကူးရေးတဲ့ အချိန်မှာ မျက်ရည်ကျပါတယ် ပြန်မရနိုင်တဲ့ အဖြူ အစိမ်း ကျောင်းသူ ဘဝလေးကို လွမ်းပါတယ် ဘယ်ဆီရောက်နေမှန်းမသိတဲ့ သူငယ်ချင်းများစွာနဲ့ အရမ်းချစ်ခင်ခဲ့ရတဲ့ မြင့်မြင့်နွယ်ကို သတိရပါတယ် ဒီကဗျာလေးပါလာတော့ အဦးဆုံး မဂ္ဂဇင်း လာပြတဲ့ သူငယ်ချင်းကို လွမ်းဆွတ်သတိရရင်း အဝေးရောက်နေတဲ့ နေရာက နေ ကျောင်းကိုရော ကျောင်းက ဆရာ  ဆရာမ များကို ပါ ကန်တော့ပန်းဆင်လိုက်ပါတယ် )
           

Saturday 11 June 2011

ဘာမှန်းမသိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ

ဘာမှန်းမသိတဲ့ ကောင်လေးတစ်ယောက်ကဘာမှန်းမသိတဲ့
လင့်လေးတစ်ခုကိုပို့လိုက်တာ ဘာမှန်းသိတဲ့ မမက စိတ်ဆိုးသွားတယ်
တစ်ချိန်ကသူငယ်ချင်းသုံးယောက်ရှိတယ် အရမ်းခင်တယ်လို့ယူဆခဲ့တယ်
အရမ်းလည်းခင်ပါ တယ် ပြောမနာဆိုမနာလို့ပြောရမှာပေါ့
အဲဒီမှာဘာမှန်မသိတဲ့ လင့်လေးတစ်ခုကြောင့် ဘာမှန်းမသိလိုက်ရပဲ
ဝေးသွားခဲ့တယ် ခင်မင်မူပျက်ခဲ့ရတယ် အဲထဲမှာဘာမှမသိလိုက်တဲ့
သက်ထွန်းကအစစ်ပါသွားတယ် ဘာမှန်းမသိလို့ပို့လိုက်တာ ပါ
ဘာမှန်းသိတဲ့သူတစ်ယောက်ရဲ့အမုန်းကိုလက်ခံဖို့အတွက်ဆိုဘာမှန်းမသိတဲ့ဟာကိုမပို့လိုက်ပါဘူး
အဲဒါဘာမှန်းမသိလို့ပါ ကျွန်တော်တကယ်ဘာမှန်းမသိတာပါ
ခွင့်လွှတ်ဖို့တောင်းပန်ပါတယ် နောက်အဲလိုမဖြစ်စေရဘူးလို့ကတိပေးတယ်နော်
ကျွန်တော်မမကိုကတိပေးတာဒါနဲ့ဆိုနှစ်ခါရှိပြီကျွန်တော်တို့
ကဘာမှန်းမသိပဲလုပ်လိုက်တဲ့ အကြောင်းကြောင့်ဘာမှမသိပဲဘလော့ခံခဲ့ရပါတယ်
ဘာမှန်းသိလိုက်ရတာကတော့ မမကိုနေ့တိုင်းလွမ်းနေမိတာပါပဲ
ဘာမှန်းမသိတဲ့သူတစ်ယောက်ကို ဘာမှန်းသိလိုက်တဲ့မမက
စိတ်ဆိုးတာပြေစေချင်ကြောင်းတောင်ပန်ပါတယ် မမရယ်

                                   ဘာမှန်းမသိတဲ့ ကောင်လေးကို
နာလည်ပေးစေချင်ပါတယ် ဘာမှန်းသိတဲ့မမတစ်ယောက်အနေနဲ့ပေါ့
ဘာမှမဟုတ်တဲ့လင့်လေးတစ်ခုကြောင့် ဘာမှန်းမသိတဲ့ကောင်လေး
တစ်ယောက်ကိုခွင့်လွှတ်ပေးပါတော့လို့တောင်းပန်ပါတယ်
ကျွန်တော်မခံစားနိုင်တော့ဘူးမမရယ် ကျွန်တော်မမကိုသတိရတယ်

( ဘာမှန်းမသိတဲ့  ပုံပြင်လေးကို ဘာမှန်းမသိဖက်ပြီး ဘာမှန်းတော့သိတဲ့ စိတ်နဲ့ ပြုံးဖြစ်အောင်ပြုံးမိတယ် .... မှတ်မှတ်ရရ ဘာမှန်းမသိတဲ့ လင့်ကို ဘယ်လို ပိတ်ရတယ်မသိတော့အောင် ခေါင်းစားအောင်ပို့ ဖူးတယ် ... နောက်တစ်ခါ ဘာမှန်းမသိတဲ့ သီချင်းတွေကို ဘယ်လိုပို့ရမယ်သင်နေတုန်း ဘာမှန်းမသိအောင်လင့် တစ်ခုကို မှားပို့ ပြန်တယ် ... ဘာမှန်မသိစိတ်ဆိုးတာမဟုတ်ပေမယ့် ဘာမှန်းသိတဲ့ ခင်မင်မှုက ရပ်လို့ မရပြန်ဘူး ...... ဘာမှန်းသိတာကတော့ စိတ်ဆိုးတာပြေအောင်စာပို့ ပေးနိုင်တဲ့ ဘာမှန်းမသိတဲ့ ကောင်လေး နဲ့ ခင်တာတော်တော်ကြာနေပါပြီး ... ဘာမှန်းမသိခင်တာမဟုတ်ပေမယ့် ဘာမှန်းသိအောင် ခင်မိအောင် ဘာမှန်းမသိတဲ့ ကောင်လေးက သူကို ခင်တာကိုတောင်သူက မသိပါဘူး ..

ဘာမှန်းမမှတ်မိတော့တဲ့ နေ့ထဲက ခင်လာတဲ့ ခင်မင်မှုတွေ ဘာမှန်းသိတဲ့ နေ့ တွေ အထိခင်ချင်သူမို့  ဘာမှန်းမသိတဲ့ ပုံပြင်လေးကို သိမ်းထားမိတယ် ... ဘာမှန်းမသိတဲ့ ကောင်လေးကို လည်းမပြောပြရသေးဘူး ဒီစာတင်လိုက်တာကို .... ခွင့်မတောင်းပဲ တင်လိုက်မိတာပေမယ့် ဘာမှန်းမသိခွင့်လွှတ်မယ်မဟုတ်လား ... ဘာမှန်းမသိတဲ့ သခင်လွန်းမောင်  ( သို့ မဟုတ် ) ရဲဝင်း ကို တကယ်ခင်ပါတယ် လို့  မှတ်တမ်းလေးသိမ်းချင်လို့  တင်လိုက်တာပါ .............. နောက်ဆို ဘာမှန်းမသိရင် ဘာမှ မလုပ်နဲ့ တော့ နော် )

Sunday 5 June 2011

အလွမ်းက ခါးတယ်

                ငါတို့ တစ်ယောက်ကို တစ်ယောက် မမုန်းနိုင်ပဲ ကျောခိုင်းရတာ ရင်နာဖို့ ကောင်းပါတယ် ။။ နင်အဲလို ထားခဲ့မယ်လည်းသိနှင့်နေပါတယ် .. ဝေဒနာဆိုပေမယ့် ငါက မက်မောတယ် ။ တွယ်တာမိသူမို့ လည်း နှစ်သက်စွာလိုလားတယ် နင့် နှလုံးသားကို ငါပိုင်ရမှ ငါ့အချစ်ကို နင်ရနေမှမဟုတ်ပါဘူး ။ ငါ အသက်ရှင်ရပ်တည်မှုတိုင်း မှာ နင်က ကပ်လိုက်နေတယ် ။ ထပ်တူမဟုတ်ပေမယ့် နင့် အသက်ရှသံလေး ငါ ကြားချင်နေသေးတယ် ။ ဘယ်လိုလဲ .... နင်ရယ် ... အချစ်က ချိုတယ် အလွမ်းလည်း ချိုပါတယ် ပြောမိတာလေးနဲ့  ငါ့ကို အလွမ်းဆိုတာ  အရမ်းခါးပါတယ် မှန်းသိအောင် ဒီလို လုပ်ရက်တယ်လို့  ဟာ ...... ။

                အမုန်းပဲ ခါးသီးတာ ခါးသက်တာပါ ။ ငါ တို့ ဆွေးနွေးတဲ့ အကြောင်းမှာ အမုန်းမှ မရှိခဲ့တာဟာ .. နင်ကို ငါ ချစ်နိုင်တာ ထက်ပိုမချစ်ပါဘူး .. ချစ်လို့ရတဲ့ အတိုင်းအတာနဲ့ပဲ ချစ်မိသူမို့  နင်ပေးသမျှ အလွမ်းတိုင်း ငါ့အတွက် လွတ်လပ်စွာ ခံစားရင် ချိုမြိန်ပါတယ် ။ အချစ်ဆိုတာ ကိုယ်တွေ့ ကြုံရတဲ့ ပေါ်မူတည်ပြီး ပြောကြတာ မဟုတ်လား ။ ပေးဆပ်တဲ့ အချစ် နဲ့ ချစ်လိုက်ရတဲ့သူကလည်း ပေးဆပ်တာ အချစ်တဲ့ ။ ရယူပိုင်ဆိုင်လိုတဲ့စိတ်နဲ့ ချစ်တော့လည်း ရယူဖို့ ပဲ အချစ်ဟာ ..  မြင်မြင်ချင်းချစ်မိတော့လည်း မြင်တာနဲ့စွဲလန်းလိုက်ရတာ အချစ်ပေါ့တဲ့ ....... ငါလို အလွမ်းအဆွေးနဲ့ ချစ်ရတာ ကရော ဘာလို အချစ်လဲလို့   နင့်ကို မမေးတော့ပါဘူး ဟာ...။

              နင်နဲ့မှ နားထောင်ဖြစ်ခဲ့တဲ့ မျိုးကြီး  ရဲ့   “ ရင်ခုန်စရာ ရှခင်း ” သီချင်းလို ချစ်သောသူနဲ့ ဘယ်သူများဝေးချင်မလဲ ဆိုတာ နင်ကိုယ်တိုင်းခံစားရသလို ပို့ လိုက်တဲ့သီချင်းမို့  ငါလည်း ထပ်တူခံစားပါတယ် ။ ကြယ်တွေ ကြွေတိုင်းလည်းဆုတောင်းတယ် ။ နင်ပြောသလို အလွမ်းက ခါးတယ်ဆိုတာ သက်သေပြဖို့  တို့ နှစ်ယောက် အဲလို ဝေးနေဖို့ မလိုဘူးလေ ။ နင်နဲ့ အဲလို လွမ်းရတာ ငါ မောနေပြီး ။ နင်ပြောဖူးတဲ့ အကြောက်ဆုံးဆိုတာ ကြောက်ရမှာ အကြောက်ဆုံးလို့  နင်ဖြေတာလေ .. နင်ကြောက်ရမှာ အလွမ်းပါ တကယ်က ။ နင်သိသင့်တယ် နင်လုပ်နိုင်သလောက်တော့ လုပ်ပါဟာ နေနိုင်သလောက်နေပေါ့နော် ..

                 အဲလို အလွမ်းက ချိုပါတယ် ပြောတာလေးနဲ့ စိတ်ကောက်စရာလား ဟာ .. ။ ဘယ်လို မှ မတွေ့နိုင်ရင်တောင် ၁၁ နာ၇ီလုံးစကားတွေ ပြောခဲ့ကြတယ် ။ ၃၀၄၈ ကြောင်း စာကြောင်းတွေ အလွမ်းနဲ့ ရှိနေကြတယ် .. ။ မမေ့နိုင်စရာ သီချင်းတွေ ရှိတယ် ..။ အခါခါပြန်နားထောင်လို့ ရတဲ့ Voice Mail တွေ အများကြီးရှိတယ် ။ လွမ်းတိုင်းကြည့်ဖို့  ဓာတ်ပုံလည်းရှိတယ် ။ ငါက ကျေနပ်တယ်လေ ။ နင်ရော ခံစားနိုင်ပါ၇ဲ့လား ... နင်က ခံနိုင်ရည်ရှိတယ်လို့  ငါ့ကို အမြဲ ပြောခဲ့သူပဲလေ .. နင်ခံနိုင်ရည်ရှိမှာပါ .. နင်သိတဲ့ အတိုင်းပဲ ငါပဲ မခံနိုင်တာ ခံနိုင်ရည်ရှိဖို့ အမြဲ ကြိုးစားနေရတာလေ .. နင်ပျော်ပါစေ လို့ ဆုတောင်းတိုင်း ငါ ငိုနေတယ် ..။

                   ငါ ငိုသံတိုင်းကို ကြောက်တယ် ဆိုတာ ဘာကြောင့်လဲ ။ ငါလည်းမငိုချင်ဘူး ။ ဒါပေမယ့် ငိုလိုက်မှ ပေါ့မယ့်အရာဆို ငိုလိုက်တာ ကောင်းတယ် ။ ငိုကြွေးတယ်ဆိုတာ အပြစ်ရှိလို့  နင်ပြောပြန်တယ် ငါ့ကို ။ မတတ်နိုင်ဘူး ဟာ ......... ။ အပြစ်ရယ် မဟုတ်ပေမယ့် အချစ်အတွက်တော့ လူတိုင်း ငိုဖူးပါတယ် .. ဒါဆို ငါလည်း ငိုတာ တရားပါတယ်နော် ။ ငါလွမ်းတယ် ဟာ ။ အကြိမ်ကြိမ်အခါခါ အဲအလွမ်းထဲမှာ ပြန်ခံစားရင် တစ်ကိုယ်တည်း ကြိတ်မှိတ်ဆွေး ငါကောင်းကောင်း နေတတ် အသားကျနေပြီး ...။
နင်လည်း နင့် နှလုံးသားကို မလိမ်တဲ့နေ့ ကြရင် ငါ ကို အပြူံး တစ်ပွင့်လောက်လက်ဆောင်ပေးသင့်ပါတယ် ။ ငါ အမြဲ ပြောတယ်လေ ... နင်မေ့နေတာလား ငါ့ကို မသနားနဲလို့  နင်က နင့် ရင်ဘတ်နာတာကို မေ့ဟန်လုပ်ပြီး ငါ့ ရင် က ဒဏ်ရာကိုတော့ ဆေးထည့်ပေးသူ ဖြစ်နေတယ် ။ နင် ငါ့ကို မသနားလိုက်ပါနဲ့ ။ ငါ ခံနိုင်ရည်မရှိလို့ ပါ ။

Saturday 23 April 2011

ရှိစေတော့ ဒီချစ်ခြင်း


ရှိစေတော့ ဒီချစ်ခြင်းနှောင်ဖွဲ့ခြင်းကင်းလို့မင်းရုန်းမယ်ဆိုလည်း လွတ်ပါတယ်....။  ရှိစေတော့ ဒီအနမ်း တပ်မက်မှုမပါလို့မင်းကိုမတွေ့ရလည်းဖြစ်ပါတယ်...။  ရှိစေတော့ ဒီဘဝတော့တို့နှစ်ယောက်မဆုံနိုင်လည်းရင်ထဲက အချစ်ကိုယ်စီနဲ့ဆက်ရှင်သန်နိုင်ပါတယ်....ရှိပါစေတော့ရှိစေတော့.....။    

Friday 1 April 2011

ရင်ထဲက မေတ္တာ

မတွေ့ နေမမြင်နေမှ လွမ်းတာမဟုတ်ဘူး .......... တွေ့ နေမြင်နေလည်း လွမ်းရတယ်။
အနားမှာမရှိတော့မှ ချစ်မှန်းသိတာမဟုတ်ဘူး ........ အနားမှာရှိထဲက ချစ်မှန်းသိတယ် ။
မပိုင်ဆိုင်တော့မှ စွန့်လွတ်လိုက်တယ် ပြောတာမဟုတ်ဘူး ....... စွန့်လွတ်ရမယ်မှန်းသိလို့ ကို မပိုင်ဆိုင်ရလိုက်တာ တွေ ပြောရင်တော့ အားလုံးပေါ့ အများကြီးပဲ ။
မေတ္တာတွေပါ... ။
ဘာမှမလိုချင်ပဲနဲ့ကို ပေးဆပ်ချင်တာ၊ တကယ်ကို မျှော်လင့်ချက်အကျိုးတစ်စုံတစ်ရာမလိုချင်ပဲ ကူညီတာမျိုး ၊
သူပျော်သွားတာ သူပြည့်စုံသွားတာကို ကျေနပ်တာမျိုး ၊ သူမျက်နှာကိုငေးပြီး ပြည့်စုံတဲ့ ခံစားချက်မျိုး ၊ အဲတာတွေ အားလုံးက မေတ္တာတွေပေါ့ ။
မိဘနဲ့သားသမီးပဲ ဖြစ်စေ ၊ မောင်နှမသားချင်းတွေ ဖြစ်စေ ဇနီးမောင်နှံ့တွေ ဖြစ်စေ ၊ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်စေ ၊ ချစ်သူကြင်သူ မြတ်နိုးသူတွေ အားလုံးရဲ့ “ ရင်ထဲက မေတ္တာ”တွေက ပေးဆပ်ခြင်း အဖြူရောင် အကြည်ရောင်လေးပါ။

အဲဒီမေတ္တာအကြည်ဓာတ်လေး နဲ့ ချစ်ခင်စွာ နှုတ်ဆက်မယ် ပြုံးပြမယ် ၊ကူညီမယ် ၊မျှော်လင့်ချက်မထားဘူး မရယူရလည်းဖြစ်တယ် ပေးဆပ်မယ် လိုတာတွေနိုင်သလောက်ဖြည့်ပေးမယ်ဆို လောကကြီးက ပိုသာယာလာမယ် လူတွေက နေပျော်လာမယ် ရာသီဥတုတွေ ကောင်းမွန်လာမယ်....။

Thursday 31 March 2011

မိတ်ဆက်

ဒီနေ့ လေ ရင်တွေလည်း ခုန်နေတယ် ...၊
ပျော်လည်းအ၇မ်းပျော်တယ် စိတ်လည်း လှုပ်၇ှားနေတယ် ...၊
အဲဒီပတ်ဝန်ကျင်ကို ခဏခဏရောက်တယ် ရောက်တိုင်းလည်း မပြန်နိုင်ဖြစ်ရတယ် ကိုယ်လည်ပတ်ဖက်ရှုနေတဲ့ စာတွေထဲမှာ ပျော်တယ် ...။
 
စာရေးချင်တာကလွဲလို့  ဘာမှ မသိမတတ်တာကို အရိုးသားဆုံး ဝန်ခံပြိး နတ်သမီးဆီမှာ ဆုတောင်းတော့ ရလာခဲ့တယ် ...။
နာမည်လေးကလည်း မမျှော်လင့်ထားတဲ့ ” ရင်ထဲက မေတ္တာ ” တဲ့ ...။
ဟုတ်တယ် ....
သဘောအရမ်းကျတာ ၊တကယ်ကို မိဘနဲ့ သားသမီး ညီအကို မောင်နှမတွေ ချစ်ခင်သူတွေ မိတ်ဆွေ နဲ့ သူငယ်ချင်းတွေ အကြောင်းရေးချင်သူ အတွက် “ ရင် ထဲက မေတ္တာ “ ဆိုတာ တကယ်ကောင်းတဲ့ နာမည်ပါ ကြိုက်တယ် ။
လက်ဆောင်ပေးတဲ့ မမ အဖြူရောင်နတ်သမီး ကိုလည်း ချစ်ခင်ကျေးဇူးတင်ရင်း နဲ့ စာရေးချင်တာကလွဲလို့  ဘာမှ မတတ်သူပါလို့  ဝန်ခံပါတယ် ........ 
တကယ်ကို ပျော်နေတဲ့နေ့  ရင်ခုန်တဲ့နေ့  ကြည်နူးတဲ့ နေ့ပါ .....